
ဒီတစ်ခါတော့
ပွဲသိမ်းပဲဗျို့။
မြားနတ်မောင်ရဲ့
အတိတ်စိမ်းထဲမှာ
ငါးရာနှစ်ဆယ့်ရှစ်
တစ်လုံးပြောင်း……တဲ့။
မနောမယဟောကိန်းထဲမှာလည်း
ထောင့်ငါးရာ
အပြီးပေါက်ဆိုပါလား။
နက္ခတ်အလိုအရတော့
သစ္စာနဲ့မေတ္တာ
ပေါင်းခြင်းတစ်စုံ
ကျိန်းသေပဲ။
ဗီးနတ်မယ်တော်ကလည်း
သံယောဇဉ် ပူးမယ်လို့
အိမ်မက်ပေးထားတယ်လေ။
ရှက်ပြုံးလေးတစ်ခုကိုတောင်
ထိပ်စီးအဖြစ်
ရထားပြီဆိုတော့
ကဲဘာလိုသေးသလဲ။
ဒါနဲ့ပဲ
နှလုံးသားကို
ချွတ်ပေါင်ပြီး
ရှိသမျှ ရင်ခုန်သံတွေ
ပုံအောလိုက်တာ…..
မှားပါတယ်။
အမှောင်ခွင်ထဲက
သံသယဆိုတဲ့
ပျောက်ဂဏန်းကို
သတိမထားလိုက်မိဘူး။
ဒီလိုနဲ့ပဲ
တစ်လုံးလွဲ
နှစ်လုံးလွဲ
အမုန်းပဲ
အဖတ်တင်ကျန်ခဲ့ပါရောလားဗျာ။
ဒါပေါ့လေ
အချစ်မှာ
“တွတ်”မှမရှိဘဲကိုး။
အလွမ်းနောက်ပိတ်
မင်းလူ
No comments:
Post a Comment